Follow us
Click here to setup your social networks

ကင်ဆာတွေကမျိုးရိုးလိုက်တတ်လား

ကင်ဆာတွေကမျိုးရိုးလိုက်တတ်လား


ကျွန်မတို့ဆရာဝန်တွေ အမေးခံရနေကျ စကားတခွန်းရှိပါတယ်။အဖေအမေ၊အဖိုးအဖွားတွေမှာ ကင်ဆာရောဂါရှိလို့ သူတို့မှာရော ဖြစ်နိုင်လား။ဘယ်လိုကင်ဆာတွေက မျိုးရိုးလိုက်တတ်ပြီး ဘယ်လိုကင်ဆာရောဂါတွေကတော့ မျိုးရိုးမလိုက်တတ်ဘူးလဲပေါ့။ဒီမေးခွန်းက တကယ်လို့မျိုးရိုးထဲမှာ ကင်ဆာရောဂါရှင်တွေရှိရင် သိထားသင့်တဲ့၊မေးသင့်တဲ့ မေးခွန်းတခုပဲ ဖြစ်ပါတယ်။

ကင်ဆာရောဂါတိုင်းက မျိုးရိုးလိုက်တတ်လား?

တချို့ကင်ဆာတွေက ခန္ဒာကိုယ်ရဲ့ဗီဇဖြစ်စဉ်ကနေ နဂိုထဲက ပါလာပြီး မျိုးရိုးလိုက်တတ်ပေမယ့် တချို့ကင်ဆာတွေကတော့ အနေအထိုင်၊သားသောက်မှုပုံစံနဲ့ ရောဂါအခံတွေကြောင့်  ဖြစ်လာရတဲ့ ကင်ဆာတွေဖြစ်လို့ မျိုးရိုးမလိုက်တတ်ပါဘူး။မျိုးရိုးလိုက်တတ်တဲ့ကင်ဆာတွေက အသက်ငယ်တုန်းမှာ ဖြစ်တာဆိုရင် မျိုးရိုးလိုက်နှုန်းပိုမြင့်နိုင်ပါတယ်။တကယ်လို့ မိသားစုထဲမှာ ကင်ဆာဖြစ်တဲ့သူရှိရင်တော့ တမိသားစုလုံးမှာ ကင်ဆာဖြစ်စေတဲ့ gene ရှိ/မရှိ စောစောစစ်ဆေးသင့်ပါတယ်။

အထူးသဖြင့် မိဘက ကင်ဆာဖြစ်ထားတဲ့သူဆိုရင် မွေးလာတဲ့သားသမီးရဲ့ 50% မှာ ကင်ဆာဖြစ်တဲ့ မျိုးရိုးဗီဇပါလာတတ်ပါတယ်။အဲဒီလိုပါလာတိုင်း ကင်ဆာရောဂါ ဖြစ်ကိုဖြစ်မှာ မဟုတ်ပေမယ့် တခြားသူတွေထက်စာရင် ကင်ဆာဖြစ်ဖို့ ပိုလွယ်ကူတဲ့သဘောပါပဲ။မျိုးရိုးလိုက်တဲ့ကင်ဆာထဲမှာ နာမည်ကြီးလူသိများတာကတော့ ရင်သားကင်ဆာ၊အူမကြီးကင်ဆာ၊အစာအိမ်ကင်ဆာနဲ့ ဆီးကျိတ်ကင်ဆာပဲဖြစ်ပါတယ်။


ရင်သားကင်ဆာ

အမေ၊အဖွား၊အဒေါ်တစ်ယောက်ယောက်ကများ ရင်သားကင်ဆာဖြစ်နေကြလား။ရင်သားကင်ဆာက ရောဂါကိုမြန်မြန်သိလို့ ကုသနိုင်ရင် သေစေနိုင်တဲ့အထိ ဆိုးရွားတဲ့ရောဂါမဟုတ်ပါဘူး။ဒါကြောင့်မို့ မိမိရင်သားမှာ အလုံးအကျိတ်ရှိ၊မရှိ အမြဲစမ်းသပ်နေသင့်ပြီး ရင်သားကင်ဆာဖြစ်စေတဲ့ gene ရှိ၊မရှိလည်း စစ်ဆေးထားသင့်ပါတယ်။ဒါ့အပြင် သားဥအိမ်ကင်ဆာကလည်း ရင်သားကင်ဆာဖြစ်နှုန်းကို အားပေးလို့ မျိုးရိုးထဲသားဥအိမ်ကင်ဆာဖြစ်နေရင်လည်း စစ်ဆေးဖို့မမေ့နဲ့နော်။


အစာအိမ်ကင်ဆာ

အခုလို အပူအစပ်နဲ့ တာရှည်ခံအစားအစာတွေကြောင့် ယနေ့ခေတ်မှာ အစာအိမ်ကင်ဆာဖြစ်နှုန်းမြင့်တက်လာပေမယ့် မျိုးရိုးကြောင့်လည်း 1-3% စာ အစာအိမ်ကင်ဆာဖြစ်နေပါသေးတယ်။အသက် 50 လည်းကျော်ပြီ။မျိုးရိုးထဲမှာလည်း ကင်ဆာဖြစ်ဖူးထားတာရှိရင် အစာအိမ်မှန်ပြောင်းကြည့်ပြီး စစ်ဆေးသင့်ပါတယ်။


အူမကြီးကင်ဆာ

မိဘ၊မောင်နှမနဲ့ ကလေးတွေများ အူမကြီးကင်ဆာဖြစ်ထားရင် သင့်ဆီမှာလည်း အူမကြီးကင်ဆာဖြစ်ဖို့ နီးစပ်နေပါပြီ။ဒါကြောင့်မို့ အသက် 40 ကစပြီး ဆယ်နှစ်တကြိမ် အူမကြီးမှန်ပြောင်းကြည့်ခြင်းနဲ့ အူမကြီးကင်ဆာဓာတ်ကိုစစ်ဆေးခြင်းတို့ ပြုလုပ်ဖို့ မမေ့ကြနဲ့နော်။


ဆီးကျိတ်ကင်ဆာ

58% သော ဆီးကျိတ်ကင်ဆာက မျိုးရိုးလိုက်လို့ ဖြစ်လာရခြင်းဖြစ်ပါတယ်။အဖေ (သို့မဟုတ်) ညီအကိုအရင်းမှာ ဆီးကျိတ်ကင်ဆာရှိတဲ့ အမျိုးသားတစ်ယောက်ဟာ တခြားသူတွေထက် ဆီးကျိတ်ကင်ဆာဖြစ်ဖို့ရာခိုင်နှုန်း 2 ဆတိတိပိုများတတ်ပါတယ်။ဆွေမျိုးထဲမှာပဲ ဆီးကျိတ်ကင်ဆာဖြစ်သူ 2 ယောက်နဲ့အထက်ရှိတယ်ဆိုရင်တော့ ဆီးကျိတ်ကင်ဆာဖြစ်ဖို့ဟာ 4 ဆတိတိရာခိုင်နှုန်းပိုများလာတတ်ပါတယ်။


ကင်ဆာရောဂါ 5-10% လောက်က မျိုးရိုးထဲမှာ ကင်ဆာဖြစ်ဖူးတဲ့သူတွေဆီမှာ ဖြစ်ကြတာများပါတယ်။ဒါပေမယ့် သေသေချာချာသိအောင် ရောဂါရာဇဝင်နဲ့ မျိုးရိုးကို မေးမြန်းရမှာတွေကတော့

-ကင်ဆာရောဂါက မျိုးရိုးထဲမှာ အသက် 50 အောက်မှာ ဖြစ်ခဲ့တာလား

-ဖြစ်တာက အဖေဖက်ကလား၊အမေဖက်ကလား။

-တခြားဆွေမျိုးသားချင်းတွေမှာရော ဒီကင်ဆာရောဂါပဲဖြစ်ခဲ့ဖူးလား

-အသက်ကြီးမှ ကင်ဆာဖြစ်တာဆိုရင်ရော မျိုးရိုးထဲမှာ ဖြစ်ဖူးတဲ့ဟာလား

ဒါတွေကို သိရှိခြင်းအားဖြင့် သင့်ဆီမှာမျိုးရိုးလိုက်တတ်တဲ့ကင်ဆာရှိ၊မရှိ ကြိုတင်စစ်ဆေးကြည့်နိုင်ပါပြီ။

ဆောင်းပါးလေးကိုအဆုံးထိဖတ်ရှုပေးလို့ကျေးဇူးတင်ပါတယ်။

ဒါ့အပြင်အထူးကုဆရာဝန်​ကြီးများနဲ့ အွန်လိုင်းမှတစ်ဆင့် ဆွေးနွေးတိုင်ပင်လိုပါက https://mymedicine.com.mm/r/Cancerကိုနှိပ်၍ ရက်ချိန်းရယူနိုင်သလို ဖုန်းနံပါတ် 5588 (သို့မဟုတ်) 09779995588 သို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်​နော်။



Zinc : Your Key to Immune Wellness