Follow us
Click here to setup your social networks

ယောဂဖြင့် စိတ်ရောကိုယ်ပါချိန်ညှိခြင်း

ယောဂဖြင့် စိတ်ရောကိုယ်ပါချိန်ညှိခြင်း


ဒီနေ့ခေတ်လို အစစအရာရာ ရှုပ်ထွေးပွေလီနေတဲ့ လောကမှာ လူကျန်းမာပေမယ့် စိတ်ဓာတ်တွေ အောက်ဆုံးထိကျနေတာ၊ ရောဂါကြောင့် စိတ်သွားတိုင်း ကိုယ်မပါနိုင်တာ ဆိုတာတွေက မကြာခဏ တွေ့မြင်နေတာမျိုးပါ…

စိတ်ဖိစီးမှု၊ စိုးရိမ်ပူပန်မှုတွေရဲ့ နေ့စဉ်ဘဝရဲ့ အဆက်မပြတ် ထု‌ထောင်းဒဏ်တွေကြောင့်လည်း ကိုယ့်ခန္ဓာကိုယ်နဲ့ စိတ်နဲ့ တခြားစီဖြစ်နေပြီး ထပ်တူမကျသလို ခံစားရစေပါတယ်

ဒီလိုအချိန်တွေမှာ စိတ်ရောကိုယ်ပါ တည့်မတ်အောင် ပြန်လည်ချိန်ညှိပေးပြီး စိတ်အေးချမ်းမှုရစေတာကတော့ ယောဂပဲပေါ့

ယောဂကျင့်တော့မယ်ဆိုရင် အဓိက လိုအပ်တာကတော့ တိတ်ဆိတ်ငြိမ်သက်ပြီး လေဝင်လေထွက်ကောင်းတဲ့ နေရာတစ်ခုပါ။ သက်တောင့်သက်သာ ယောဂကျင့်‌နိုင်ဖို့အတွက် ယောဂဖျာလေး ဝယ်ထားရင်တော့ ပိုအဆင်ပြေတာပေါ့နော်

 ယောဂကျင့်ပေးတာက ကြွက်သားတွေကို အချိန်ကြာလာတာနဲ့အမျှ ပျော့ပျောင်းလာစေတာကြောင့် ခန္ဓာကိုယ်လှုပ်ရှားမှုကို ပိုမိုကောင်းမွန်စေရုံသာမက ကြွက်သားတောင့်တင်းမှုနဲ့ အဆစ်အမြစ်တွေ မသက်မသာဖြစ်မှုကိုလည်း သက်သာစေပါတယ်။


- ယောဂကျင့်စဉ်က ကိုယ်ဟန်အနေအထားကို ပိုမိုကောင်းမွန်စေရုံသာမကဘဲ ကျောရိုးကိုလည်း ထောက်ပံ့ပေးတာမလို့ ခါးနာခြင်းအန္တရာယ်ကနေလည်း လျှော့ချပေးပါတယ်


- အသက်ရှုလေ့ကျင့်ခန်းနဲ့ လှုပ်ရှားမှုတို့ကို ပေါင်းစပ်လိုက်တဲ့အခါ ယောဂဟာ အာရုံကြောစနစ်ကို တည်ငြိမ်စေပြီး စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှုတွေကို လျှော့ချပေးပါတယ်။


- ယောဂကို ရုပ်ပိုင်းဆိုင်ရာ ကိုယ်ဟန်အနေအထားအတွက်ပဲ အားကိုးနိုင်တာမဟုတ်ဘဲ၊ မိမိကိုယ်ကို ပြန်လည်သုံးသပ်ခြင်းနဲ့ မိမိကိုယ်ကို ရှာဖွေတွေ့ရှိမှုအတွက် အသုံးချနိုင်တဲ့ အလေ့အကျင့်တစ်ခုလည်း ဖြစ်ပါတယ်။


- ယောဂကျင့်နေချိန်မှာ သတိပဋ္ဌာန်နဲ့ ဆင်ခြင်သုံးသပ်ပေးတာက စိတ်ခံစားမှု၊ အတွေးအမြင်၊ တုံ့ပြန်မှုတွေကို ခန္ဓာကိုယ်နဲ့ ပိုမိုလိုက်လျောညီထွေဖြစ်အောင် ကူညီပေးမှာပါ


ဒီလို စိတ်ရောကိုယ်ပါ လိုက်လျောညီထွေရှိပြီး ကျန်းမာတက်ကြွစေဖို့ အလွယ်တကူလိုက်လုပ်နိုင်တဲ့ ယောဂကျင့်စဉ်အချို့ကိုလည်း အောက်မှာ မျှဝေပေးထားပါတယ်

 

1️⃣ Mountain Pose (Tadasana)

ခြေနှစ်ဖက်ကို တင်ပါးအကျယ်အဝန်းအတိုင်း ခွာရပ်ပြီး ခြေဖဝါးကို မြေကြီးနဲ့အညီ ကပ်နေအောင် ထားပါ။ ပခုံးတွေကို ဖြေလျှော့လိုက်ပါ၊ ပြီးရင် ကျောဆန့်ပြီး အသက်ပြင်းပြင်း အရှူ အထုတ် လုပ်ပေးပါ။ ဒီယောဂကျင့်စဉ်က ကိုယ်နေဟန်ထားကို ပိုမိုကောင်းမွန်စေပြီး မြေပြင်နဲ့အတူ တသားတည်းဖြစ်နေသလို စိတ်ကိုတည်ငြိမ်စေမှာပါ။


2️⃣ Child's Pose (Balasana)

လေးဘက်ထောက်ထားရာကနေ ခြေဖနောင့်ပေါ် ပြန်ထိုင်လိုက်ပြီး နဖူးကို ယောဂဖျာနဲ့ထိတဲ့အထိ ကုန်းလိုက်ပါ။ လက်နှစ်ဘက်ကို အရှေ့ကို ဆန့်ထုတ်ထားနိုင်သလို ခန္ဓာကိုယ်ဘေးမှာပဲ အသာချထားနိုင်ပါတယ်။ ဒီနူးညံ့သိမ်မွေ့တဲ့ ယောဂကျင့်စဉ်ကတော့ နောက်ကျောက တင်းမာမှုတွေကို ပြေလျော့စေတဲ့အပြင် စိတ်ကို အပန်းပြေပြီး တည်ငြိမ်စေပါတယ်။


3️⃣ Tree Pose (Vrikshasana)

ခြေထောက်တစ်ဖက်တည်းကိုပဲ အားပြုပြီး မတ်မတ်ရပ်လိုက်ပါ။ အခြားခြေဖဝါးကို ရပ်နေတဲ့ ခြေထောက်ရဲ့ ပေါင်အတွင်းပိုင်း၊ ခြေသလုံး သို့မဟုတ် ခြေကျင်းဝတ်ပေါ် တင်ထားပါ။ ကိုယ်နေဟန်ထား ငြိမ်နေအောင် ကြိုးစားပြီး လက်နှစ်ဖက်ကိုတော့ ဆုတောင်းတဲ့အနေအထားနဲ့ ရင်ဘက်ရှေ့မှာ ထားပါ။  ဒီကိုယ်ဟန်က ခြေထောက်တွေကို သန်မာစေပြီး ဟန်ချက်ညီစေတဲ့အပြင် အာရုံစူးစိုက်မှုကိုလည်း မြှင့်တင်ပေးပါတယ်။


4️⃣ Corpse Pose (Savasana)

လက်နှစ်ဖက်ကို ဘေးနှစ်ဖက်မှာ ဖြေလျှော့ပြီး ပက်လက်လှဲအိပ်လိုက်ပါ။ လက်ဖဝါးတွေကိုတော့ အပေါ်ဘက် မျက်နှာမူထားရပါမယ်။ မျက်လုံးကိုမှိတ်ထားပြီး ခန္ဓာကိုယ်ကို အပြည့်အဝ အနားယူခွင့်လိုက်ပါ။ ဒီကျင့်စဉ်ကိုတော့ လေ့ကျင့်ခန်းအားလုံးအပြီးမှာ လုပ်ပေးနိုင်ပြီး

နောက်ဆုံး အနားယူတဲ့ပုံစံက နက်ရှိုင်းတဲ့ အပန်းဖြေမှုကို မြှင့်တင်ပေးပြီးတော့ စိတ်ကိုတည်ငြိမ်စေမှာပါ။


ယောဂကျင့်စဉ်ဟာ ဟန်ချက်ညီမှု၊ သဟဇာတဖြစ်မှုနဲ့ အလုံးစုံကျန်းမာရေးကို မြှင့်တင်ပေးနိုင်ဖို့ အစွမ်းထက်တဲ့ ကိရိယာတစ်ခုပါ။ 


ဒါကြောင့် အချိန်လဲသိပ်မပေးရ၊ လူလဲ မပင်ပန်းတဲ့ ယောဂလေ့ကျင့်ခန်းတွေကို ပုံမှန်လုပ်ပြီး စိတ်ရောကိုယ်ပါ ချိန်ညှိလိုက်ပါနော်…





ကျန်းကျန်းမာမာ အလုပ်ရှုပ်ကြမယ်