Follow us
Click here to setup your social networks

သေချာဖြေရှင်းသားအိမ်အလုံးတည်ခြင်း

သေချာဖြေရှင်းသားအိမ်အလုံးတည်ခြင်း


(၁)သားအိမ်မှာ အလုံးတွေ့တယ်ပြောတယ်။လက်ထပ်ထားတာ ကြာနေပြီ။ကလေးရနိုင်ပါဦးမလား?

သားအိမ်မှာအသားလုံးရှိတဲ့ အမျိုးသမီးတစ်ယောက် ဟာ အသားလုံးတည်နေရာပေါ်မူတည်ပြီး တခါတလေ ကိုယ်ဝန်ရဖို့ ခက်ခဲနိုင်ပါတယ်။အသားလုံးတည်နေရာက မျိုးဥလေးနဲ့သုတ်ကောင်တွေ့ဆုံပြီး ဆင်းလာရာ လမ်းကြောင်းတည့်တည့်မှာရှိနေရင်တော့သန္ဓေသားဖြစ်နေတဲ့အလုံးလေးဟာ သားအိမ်နံရံမှာ တွယ်ဖို့ ခက်ခဲနေတတ်ပါတယ်။


(၂)သားအိမ်အလုံးရှိနေလို့ ကလေးမွေးရင် ရိုးရိုးမွေးလို့ရပါ့မလား?

ကိုယ်ဝန်ဆောင်အမျိုးသမီးတွေရဲ့သားအိမ်မှာ အသားလုံးရှိနေရင်တော့ ကလေးကြီးထွားမှုနှုန်းကို အနှောင့်အယှက်ဖြစ်တာနဲ့ မီးဖွားချိန်မှာ ခက်ခဲတာမျိုးဖြစ်တတ်ပါတယ်။အသားလုံးရှိနေတာကြောင့် မွေးလမ်းကြောင်းတည့်တည့်မှာ ပိတ်နေတတ်တာမျိုး၊မွေးချိန်မတိုင်ခင် ညှစ်မိနေတာမျိုးတို့ကြောင့် ခွဲမွေးဖို့ကို ညွှန်ကြားလေးရှိပါတယ်။သားအိမ်အသားလုံးရှိခြင်းဟာ ကိုယ်ဝန်နုနေစဉ်မှာ ကလေးပျက်ကျတဲ့အထိ စိုးရိမ်ရနိုင်လို့ပိုသတိထားပြီး စောင့်ကြည့်ဂရုစိုက်လေ့ရှိပါတယ်။


(၃)သားအိမ်အလုံးရှိတော့ ယောက်ျားယူလို့ရနိုင်လား?

သားအိမ်အလုံးရှိပေမယ့် လက်ထပ်လို့ရပါတယ်။ယောက်ျားယူလို့ရပါတယ်။ကလေးလည်း ရနိုင်ပါသေးတယ်။သာမန်အမျိုးသမီးတွေလိုပဲ ကလေးယူဖို့ ကြိုးစားလို့ရပါတယ်။


သားအိမ်အလုံးရှိတာ က ကင်ဆာရောဂါလည်း မဟုတ်သလို သေသည်အထိလည်း မဖြစ်နိုင်ပေမယ့် အလုံးရှိတဲ့အတွက်ကြောင့်

-သွေးအတုံးအခဲတွေနဲ့ ရာသီအများကြီးဆင်းလေ့ရှိခြင်း

-ပုံမှန်ထက် ရက်ကြာပြီး ရာသီလာခြင်း

-ရာသီလာနေစဉ် ဆီးစပ်ကမခံမရပ်နိုင်အောင် ထိုးအောင့်ခြင်း

-ဆီးခဏခဏသွားခြင်း

-ဆီးကျန်သလိုခံစားရခြင်း

-ဝမ်းချုပ်ခြင်း

-ခါးနာခြင်း နဲ့ 

-အမျိုးသားနှင့်လိင်ဆက်ဆံသည့်အခါ အလွန်အမင်းနာကျင်ခြင်း တို့ ဖြစ်တတ်ကြပါတယ်။


သားအိမ်အလုံးဆိုတာ သားအိမ်ထဲမှာရှိတဲ့အသားစိုင်တွေကနေ ပုံမှန်မဟုတ်တဲ့ ကြီးထွားခြင်းမျိုးနဲ့ အသားပိုအလုံးလေးတွေ ဖြစ်လာတာကိုဆိုလိုခြင်းဖြစ်ပါတယ်။သားအိမ်နံရံအတွင်းမှာ ဖြစ်သလို သားအိမ်အပြင်ကနေ အညှာလိုက်လေး တွဲလောင်းကျနေတဲ့အလုံးမျိုးလည်းရှိပါတယ်။အသေးဆုံးကတော့ ဖရဲစေ့အရွယ်ကနေ အကြီးဆုံး စိုက်ခင်းထဲက ဖရဲသီးလောက်ထိ ကြီးနေတတ်ပါတယ်။

သားအိမ်အလုံးတည်ခြင်း ဖြစ်ရတဲ့အကြောင်းရင်းကတော့ အမျိုးသမီးဟော်မုန်းlevel estrogen နဲ့ progesterone မညီမျှခြင်းကြောင့်ဖြစ်ပြီး သွေးဆုံးသွားတဲ့အမျိုးသမီးတွေနဲ့ ရာသီသွေးစမပေါ်သေးတဲ့အပျိုဖော်အရွယ်မိန်းကလေးတွေမှာ ဖြစ်လေ့မရှိပါဘူး။အထူးသဖြင့် အသက် ၃၀-၅၅ ကြား ရာသီသွေးလာတာစောပြီး သွေးဆုံးနောက်ကျတဲ့အမျိုးသမီးတွေနဲ့အမေ၊အစ်မနဲ့အဒေါ်တွေမှာ သားအိမ်အလုံးရှိသူမျိုးရိုးတွေမှာ သတိထားစစ်ဆေးသင့်ပါတယ်။

သားအိမ်အလုံးရှိတယ် သံသယရှိရင်တော့ သားဖွားမီးယပ်ဆရာဝန်နဲ့ ပြကိုပြသရပါမယ်။ဆရာဝန်ကြီးမှ တဆင့် ဗိုက်ပေါ်မှစမ်းသပ်သည့်တယ်လီဗေးရှင်းဓာတ်မှန် သို့မဟုတ် မိန်းမကိုယ်ထဲသို့ ထည့်သွင်းရိုက်ရသည့်တယ်လီဗေးရှင်းဓာတ်မှန်တို့နဲ့ အသားလုံးအရွယ်အစားနဲ့ တည်နေရာ ကို အတည်ပြုစစ်ဆေးပြီး သောက်ဆေး၊ထိုးဆေးနဲ့ ခွဲစိတ်မှု ဘာကိုပြုလုပ်သင့်တယ်ဆိုတာ ဆွေးနွေးကုသပေးပါလိမ့်မယ်။

အတွေးပေါင်းများစွာနဲ့ ချာချာလည်နေမယ့် သားအိမ်အလုံးရှိနေတဲ့ အမျိုးသမီးတွေအနေနဲ့ ကြောက်မနေဘဲ သားဖွားမီးယပ်ဆရာဝန်နဲ့ အမြန်ဆုံးတိုင်ပင်ပြသသင့်တယ်နော်။

ဆောင်းပါးလေးကိုအဆုံးထိဖတ်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။




ကင်ဆာတွေကမျိုးရိုးလိုက်တတ်လား